ပွင့်ဖြူမြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ဆောင်းသီးနှံနေကြာ ၄၁၈၅ ဧက စိုက်ပျိုးပြီးစီး

ပွင့်ဖြူ  ဒီဇင်ဘာ   ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ဆောင်းသီးနှံနေကြာစိုက်ဧက နှစ်သောင်းကျော် လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိပြီး ယခုလ(၉)ရက်နေ့အထိ မြေပြင်စိုက်ပျိုးပြီးစီးဧက ၄၁၈၅ ဧက ရှိပြီဖြစ်ကာ ဒေသခံတောင်သူများ ကြိုးပမ်းစိုက်ပျိုးခဲ့သည့် ဆောင်းနေကြာသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက စိုက်ပျိုးစရိတ် အကုန်အကျသက်သာပြီး သီးနှံဝင်ငွေ ပိုမိုရရှိသည့် ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးလုပ်ငန်းကို မိုးရာသီနှင့် ဆောင်းရာသီကာလများတွင် အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထိုသို့ နေကြာသီးနှံစိုက်ပျိုးရာ၌ တောင်သူတစ်ဦးချင်းအလိုက် တစ်ဧက သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်းနေကြာသီးနှံစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

အဆိုပါ ဆောင်းနေကြာသီးနှံစိုက်ပျိုးခြင်းကို မြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ရည်ရွယ်ပြီး တစ်မြို့နယ်လုံး ဆောင်းနေကြာသီးနှံစိုက်ဧက ၂၆၇၅၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး ဒေသခံတောင်သူ များက အောက်တိုဘာလဆန်းက ရွာသွန်းသည့်မိုးဖြင့် စတင်စိုက်ပျိုးခဲ့ရာ ဒီဇင်ဘာလ(၉)ရက်နေ့အထိ ဆောင်းနေကြာသီးနှံ ၄၁၈၅ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ သတ်မှတ်လျာထားဧက ပြည့်မီစေရေးအတွက် ဒေသခံတောင်သူများ ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်းနှင့် စိုက်ပျိုးပြီးစီးထားသည့် ဆောင်းနေကြာသီးနှံစိုက်ခင်းများမှာလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )