ပွင့်ဖြူမြို့နယ် ဇီးကျွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

ပွင့်ဖြူ ဒီဇင်ဘာ  ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေါက်ကုန်းကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သတ္တမအကြိမ် ချေးငွေပြန်လည်ပေးဆပ်စေခြင်းနှင့် အဋ္ဌမအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးလက်နေ ပြည်သူများ၏ ဆင်းရဲမှုလျော့ကျစေရန်၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ဇီးကျွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးရခြင်း ဖြစ်ကြောင်း၊ စီမံကိန်းရန်ပုံငွေများ မပျောက်ပျက်အောင် ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီ ဝင်များက စနစ်တကျထိန်းသိမ်းရန်နှင့် ငွေစာရင်းဇယားများ တိကျမှန်ကန်စေရေး စနစ်တကျဆောင် ရွက်ကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက ဇီးကျွန်းကျေးရွာ၌ သတ္တမအကြိမ် ထုတ်ချေးယူထားသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများကို အသင်းသား၊ အသင်းသူများထံမှ ပြန်လည်ကောက်ခံရယူကာ အဋ္ဌမအကြိမ်မြောက် စီမံကိန်းချေးငွေ အတိုးအရင်း ငွေကျပ် ၄၄ ဒသမ ၄ သန်းအား ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၅၆ ဦးကို ငွေကျပ် ၁၆ ဒသမ ၇ သန်း ၊  မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၀၉ ဦးကို ငွေကျပ် ၂၂ ဒသမ ၈၂ သန်း၊  ရေလုပ်ငန်း လုပ်ကိုင်သူ ၃၀ ဦးကို ငွေကျပ် ၅ ဒသမ ၄၁ သန်းတို့ကို စုစုပေါင်း စီမံကိန်းအသင်းသား၊ အသင်းသူ ၁၉၅ ဦးအား စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )