ခင်ဦးမြို့၌ နေအိမ်ပြင်ပသွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသူ (၂၄) ဦးအား ငွေဒဏ်များချမှတ်

ခင်ဦး စက်တင်ဘာ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ နေအိမ်ပြင်ပသွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိသူများအား လမ်းဆုံနေရာတွင် ယနေ့ နံနက် ၇ နာရီက ရှောင်တခင်စစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အများပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် အပြင်ထွက် လျှင် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ရန် ညွှန်ကြားချက်အား လိုက်နာခြင်းရှိ၊ မရှိကို မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးချိုလင်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစန်းယုကို၊ ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအသင်း တို့ ပါဝင်သော စုပေါင်းအဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် နေအိမ်ပြင်ပသွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိသူ ကျား (၁၉) ဦး၊ မ (၅) ဦး စုစုပေါင်း (၂၄) ဦးကို မြို့နယ်တရားရုံးသို့ တရားစွဲဆိုခဲ့ရာ တစ်ဦးလျှင် ဒဏ်ငွေကျပ် (၃၀၀၀) စီ ချမှတ်ခဲ့ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)