ဒေးဒရဲ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးသတ်ဆေးဘူးအား အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၉ ရက်နေ့ ညနေ(၂)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟန်ဝင်းစိုးက မီးအခြေခံသဘောတရား၊ မီးဘေးအန္တရာယ်ဖြစ်ပွားနိုင်သော အကြောင်းများ၊ မီးဘေးအန္တရာယ်အကြောင်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် လက်တွေ့မီးငြှိမ်း သတ်ခြင်းများအား အသိပညာပေး ဟောပြောခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက သိရှိ လိုသည်များအား ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှုများအား ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အေဇာလင်း