ကျောက်တံခါးမြို့နယ် အခြေခံပညာအထက်တန်း(အင်ကုန်း)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ကျောက်တံခါး  ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဗလငါးတန်းပြည့်စုံစေရေးတို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့က အခြေခံပညာအထက်တန်း (အင်ကုန်း)ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လက်ထောက်ပညာရေးမှူး ဦးဇင်မင်းအောင်က  အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရေးနှင့် ဗလငါးတန်ပြည့်စုံစေရေးတို့အတွက်  လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍  လူငယ်စကားဝိုင်းစတင်ဆောင်ရွက်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန်းတင့်က ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က လူငယ်နှင့်လူမှုဆက်ဆံရေး၊ လူငယ်နှင့်ပရဟိတ၊ လူငယ်နှင့်စာပေချစ်မြတ်နိုးစိတ်၊  လူငယ်နှင့်မိမိကိုယ်ကို အားကိုးယုံကြည်စိတ်၊ လူငယ်နှင့် ယဥ်ကျေးမှု၊ လူငယ်နှင့်မူးယစ်ဆေးဝါး အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြပြီး အခြေခံပညာအထက်တန်း(အင်ကုန်း)ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ရတနာလှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ လက်ထောက်ပညာရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံများ၊ ကျောင်းအကျိုးဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း( ၂၂၃)ဦး တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)