ပခုက္ကူ ဒီဇင်ဘာ ၁၀
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်သူများ စုပေါင်း၍ ကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်လက်အပန်းဖြေစေရန် ရည်ရွယ်ကာ ဒီဇင်ဘာအားကစား ကာလ လူထုလမ်းလျှောက်ပွဲ(ဒုတိယနေ့) အဖြစ် ယနေ့ နံနက် ၆ နာရီအချိန်က ကျင်းပကြသည်။
အဆိုပါ လမ်းလျှောက်ပွဲတွင် ပခုက္ကူခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင်အား/ ကာမှူး ဦးကျော်ထွန်းဦးနှင့် ဝန်ထမ်းများ ဦးဆောင်မှုဖြင့် ပခုက္ကူတက္ကသိုလ်၊ ခေတ္တ ပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းရေးရာဌာနမှူးများနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်သူများ စုစုအင်အား(၂၅၀)ဦးကျော် ပါဝင်ဆင်နွှဲကြပြီး တက္ကသိုလ် ကျောင်းဝန်းအတွင်း (Recreation Centre) ခန်းမ၌ စုရပ်ကာ ပညာ့ရိပ်သာ လမ်းအတိုင်း စတင်တာထွက်ကြသည်။
ယင်းမှတစ်ဆင့် ယုဇနဆောင်၊ ငွေသော်တာဆောင်နှင့် အောင်ဇဗ္မူဆောင်ရှေ့လမ်းများမှ တက္ကသိုလ်ပတ် လမ်းကြောင်းအတိုင်း လေးထပ်(ပင်မ)ဆောင်အထိ စုပေါင်းလမ်းလျှောက်ကြပြီး လေးထပ်(ပင်မ)ဆောင်ရှေ့ တွင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၏ ဦးဆောင်မှုဖြင့် ကိုယ်ကာယ သွေးပူ လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)