ငဖဲမြို့နယ် ချောင်းဖြူကျေးရွာတွင် ရာသီစာအဖြစ် မုန့်ဩဇာလုပ်ကိုင်ရောင်းချ၍ မိသားစုများ ပုံမှန်ဝင်ငွေ ရရှိ

ငဖဲ ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ချောင်းဖြူကျေးရွာမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် ပဲကြီးလှော်လုပ်ငန်း၊ မုန့်လုပ်ငန်းများနှင့် ဆောင်းတွင်း ရာသီစာအဖြစ် မုန့်ဩဇာကို မိသားစုများတပိုင်တနိုင် လုပ်ကိုင်ရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေ ရရှိနေကြောင်း သိရသည်။

မုန့်ဩဇာခေါ် ပဲကောက်ညှင်းဆန်အမျိုးအစားကိုသုံးပြီး ၂ည မှ ၃ည ထိ ဆန်အရည် အသွေးကို လိုက်၍ ရေစိမ်ထားရကြောင်း၊ စိမ်ပြီးသား ကောက်ညှင်းဆန်များကို ပေါင်းပြီး မောင်းဖြင့်ထောင်း ရကြောင်း၊ ထောင်းပြီးသားမုန့်များကို မိမိလိုချင်သော အရွယ်အစားညှပ်၍ တစ်နေလှန်းရကြောင်း၊ နေလှန်းပြီးသား မုန့်များကို ညနေပိုင်းမှာ သဲဖြင့်လှော်ပြီး လျော်ပီးသားမုန့်များကို ထန်းလျက်၊ ကြံသကာရည်တို့ဖြင့် ယိုထိုးရောင်းချရကြောင်း သိရသည်။

“မုန့်ဩဇာလုပ်ငန်းကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၀ ရက်နေ့မှစ၍ လုပ်ကိုင်ရောင်းချပြီး တစ်နေ့လျှင် ကောက်ညှင်းဆန် ပြည် ၂၀ မှ ၃၀ အထိ လုပ်ကိုင်ရောင်းချရကြောင်း၊ ယခုနှစ်တွင် ကုန်ဈေးနှုန်းများ ကြီးမြင့်သောကြောင့် ကောက်ညှင်းဆန်တစ်အိတ်လျှင် ငွေကျပ်တစ်သိန်းနှုန်းနှင့် ကြံသကာတစ်ပိသာလျှင် ငွေကျပ် ၂၈၀၀ ခန့်ထိ ပေးဝယ်ရကြောင်း၊ မိမိလယ်ယာမှ ထွက်ရှိသော ကောက်ညှင်းဆန်နှင့် ကြားညှပ်၍ မုန့်လုပ်ရောင်းချရသောကြောင့် ပိုမိုတွက်ချေကိုက်ကြောင်း၊ မုန့်ဩဇာကို အလှူ၊ မင်္ဂလာဆောင် ပွဲလမ်းသဘင်များရှိက ပိသာအချိန် ၃၀၊ ၄၀ စသည်ဖြင့် ပိုမိုရောင်းချရကြောင်း၊ မုန့်ဩဇာကို ငဖဲမြို့မဈေး၊ ပဒါန်းကျေးရွာ၊ မင်းတုန်း၊ ရွှေချောင်း၊ ရှမ်းတပ်ကျေးရွာများသို့ ယခင်နှစ်က ဖောက်သည်ဈေး တစ်ပိသာကို ၃၀၀၀ နှုန်းပေးသွင်းရပြီး ယခုနှစ်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ငွေကျပ် ၄၇၀၀ နှုန်းဖြင့် ပေးသွင်းရောင်းချရကြောင်း၊ အလုပ်သမား(၃)ဦးအတွက် ငှားရမ်းခများပေးချေရ၍ ယခင်နှစ်များကလောက် အမြတ်များများ မကျန်ရှိဘဲ မိသားစုပုံမှန်ဝင်ငွေလောက်သာ ရရှိကြောင်း” မုန့်ဩဇာ လုပ်ငန်းကို နှစ်စဉ်မပျက် လုပ်ကိုင်ရောင်းချသူ ဒေါ်နုနုလွင်က ပြောကြားသည်။

အဆိုပါ မုန့်ဩဇာကို လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်ကြကာ ဆောင်းတွင်းရာသီစာအဖြစ် စားသုံးရန်၊ အလှူ/မင်္ဂလာဆောင်များတွင် ဧည့်ခံကျွေးမွေးရန်နှင့် လက်ဆောင်ပေးရန်တို့အတွက် ဝယ်ယူသူ များပြားကြကြောင်းနှင့် ချောင်းဖြူကျေးရွာတွင် မုန့်ဩဇာလုပ်ငန်းလုပ်ကိုင်ရောင်းချသူ ၄ ဦးခန့်ရှိကြောင်း သိရသည်။     

မယု(ငဖဲ)