ကျွန်းလှ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဆောင်းနေကြာ မျိုးသန့်ပွားစံပြကွက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြကို ယမန်နေ့ နံနက် ၇ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် ၄၉၆၊ တောင်သူ ဦးနိုင်၏ လယ်မြေ ၅ ဧက၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက တောင်သူများအား နေကြာစိုက်ပျိုးရာမှာ ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ ဓာတ်မြေဩဇာ အချိုးကျသုံးစွဲရေး၊ လယ်ရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများက လက်တွေ့စိုက်ပျိုးပြသခဲ့ကြောင်း သိရ သည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာစိုက်ပျိုးရန် ၅၂၁ ဧက လျာထားပြီး လက်ရှိ အချိန်အထိ ၅၃၆ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ