နတ်မောက်မြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

နတ်မောက် ဒီဇင်ဘာ ၁ဝ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင်  ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမင်းဆွေက ကျောင်းသား/သူများအား ကျောင်းစည်းကမ်းများအား လိုက်နာစေရန်၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခြင်း၊ ထူးချွန်ထက်မြက်သည့် ကျောင်းသား/လူငယ် များဖြစ်စေရန် ကျောင်းစာများ အလေးထားသင်ယူကြစေရန်နှင့် ပြင်ပဗဟုသုတရှာဖွေနိုင်ရန်အတွက် ကျောင်းတွင်းစာကြည့်တိုက်တွင် ဗဟုသုတရရှိဖွယ် စာအုပ်စာစောင်များ ထားရှိပေးထားကြောင်းကို ဟောပြောခဲ့ပြီး လက်ထောက်ဆရာကြီး ဦးမျိုးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါး များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့တို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျောင်းသား/သူများအား နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ လှဝင်း