ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းရှိ ဆင်များအတွက် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းနိုင်

 မင်းဘူး         ဒီဇင်ဘာ        ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်းရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းမှ ဆင်များအတွက် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းနိုင်ကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက် မန်နေဂျာ ဦးထက်နိုင်အောင်ထံမှ သိရသည်။

“ဆင်စခန်းကို ယခုလက်ရှိမှာ အဆက်မပြတ် ဖွင့်လှစ်ထားပြီးတော့ ဆင်(၁၁)ကောင်ရှိပါတယ်။ ရွှေစက်တော်ဘုရား ပွဲတော်ချိန်မဟုတ်တော့ လာရောက်သူတော့ နည်းပါးတာပေါ့။ ဆင်စာအနေနဲ့က အွန်လိုင်းကနေတော့ လှူဒါန်းကျွေးမွေးတာတွေရှိပါတယ်။ ဆင်စာအခက်အခဲကတော့ ရွှေစက်တော် ဘုရားပွဲတော်ချိန်ကာလပြီးလို့ နွေဘက်ရာသီဥတု ခြောက်သွေ့ချိန်လောက်ပဲခက်ခဲပြီး မိုးနဲ့ဆောင်း ကတော့ ဆင်စာကျက်မြေ ကျယ်ဝန်းတဲ့အတွက် ဆင်ထိန်းတွေနဲ့အတူ တောထဲမှာ လွှတ်ကျောင်း ထားရပါတယ်။ ဆင်စာကို Online ကနေလည်း ဆက်သွယ်ပြီး လှူဒါန်းကျွေးမွေးနိုင်သလို ကိုယ်တိုင် လာရောက်ကျွေးချင်တယ်ဆိုရင်လည်း ကြိုတင်ချိတ်ဆက်ထားမယ်ဆိုရင် အဆင်သင့်ကျွေး နိုင်အောင် ပြင်ဆင်ပေးပါတယ်။ ဘုရားပွဲတော်ကာလမှာ ဆင်လိမ်မာတွေနဲ့အတူ ဧည့်ခံပြီး ကပြဖျော်ဖြေတင် ဆက်မှုတွေ ဆောင်ရွက်နိုင်စေဖို့အတွက် ဆင်ထိန်းတွေနဲ့ ဆင်ဝန်ထမ်းတွေက လေ့ကျင့်သင်ကြားမှု တွေကို အမြဲမပြတ်ဆောင်ရွက်နေပါတယ်” ဟု ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးထက်နိုင်အောင်က ပြောသည်။

အဆိုပါ ဆင်စခန်းတွင် ဆင်ထီး(၄)ကောင်၊ ဆင်မ (၇)ကောင်၊ စုစုပေါင်းဆင် (၁၁)ကောင်ရှိပြီး ဆင်ချစ်သူများအနေဖြင့် ဆင်စာဘူဖေး လှူဒါန်းကျွေးမွေးလိုပါက ငွေကျပ် ၃၀၀၀၀ မှစပြီး ၅၀၀၀၀ ကျပ်နှင့် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ထားကာ မိမိတို့တတ်နိုင်သောနှုန်းထားဖြင့် Online မှတဆင့် ဆက်သွယ်လှူဒါန်း ကျွေးမွေးနိုင်သလို ဆင်စခန်းသို့ ကိုယ်တိုင်လာရောက်ပြီး ကျွေးမွေး နိုင်ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ ပြောင်းဖူး၊ ငှက်ပျောသီး၊ နာနတ်သီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီးနှင့် နေဗီယာမြက်များကို ဝယ်ယူကျွေးမွေးရပြီး အဓိကဖြည့်စွက်စာအဖြစ် ဆေးနှင့် စပါးများကိုလည်း ကျွေးမွေးရကြောင်း၊ ဆင်စခန်းသို့ လာရောက်သူနည်းပါးချိန်နှင့် ဆင်စာဘူဖေးအလှုရှင် နည်းပါးချိန် တို့တွင် ဆင်များကို ကြိုပြင်ကာကွယ်တောအတွင်းရှိ စာကျက်မြေများတွင် ဆင်ထိန်းများဖြင့် လွှတ်ကျောင်းထားရကြောင်း၊ ဆင်စားများ လှူဒါန်းကျွေးမွေးလိုပါက ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း Facebook Page နှင့် ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးထက်နိုင်အောင်၊ ဖုန်း (၀၉-၄၄၃၄၄၃၉၈၈) ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)