လက်ပံတန်း၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပေးသင်တန်း ဖွင့်လှစ်

လက်ပံတန်း ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လက်ပံတန်းမြို့နယ်၏ ကျေးရွာ (၁၀) ရွာစီစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေး နည်းပညာပေးသင်တန်း(၁/၂၀၂၂)ကို လက်ပံတန်းမြို့နယ် ဂုံညင်းတန်းကျေးရွာအုပ်စုတွင် ဖွင့်လှစ် ပို့ချခဲ့သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ် သမဝါယမဦးစီးဌာနတို့မှ ဒေသခံကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံများနှင့် နွေစပါးတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ ဆည်ရေသောက်ဧရိယာအတွင်း ပါဝင်သည့် လယ်ယာမြေများတွင် သုံးသီးစားစိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးမြှင့်မွေးမြူနိုင်ရေး၊ ဒေသနှင့် ကိုက်ညီသည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက် ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် နှစ်ရှည်သီးပင်များ ကိုင်းကူးဆက်နည်း၊ ကိုင်းပင်စည်မြေးစည်းကပ်နည်း၊ တမာပိုးသတ်ဆေး၊ ငြုပ်ပိုးသတ်ဆေး၊ ဒုတ္ထာနှင့် ထုံးပိုးသတ်ဆေး၊ ကြက်သွန်ဖြူ ပိုးသတ်ဆေး ပေါင်းသတ်ဆေး ဖျော်စပ်နည်းများ၊ နေဗီယာမြက်စိုက်ပျိုးနည်းများကို ဒေသခံတောင်သူများသို့ လက်တွေ့သရုပ်ပြဆွေးနွေးခြင်း၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဒေသခံများက သိရှိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာဌာနများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)