ကန်ကြီးထောင့်မြို့ ဟွာမှုန်အထည်ချုပ်စက်ရုံအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြ

ကန်ကြီးထောင့် ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ အမှတ်(၄) ရပ်ကွက်ရှိ ဟွာမှုန်အထည်ချုပ် စက်ရုံ အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့ သရုပ်ပြခြင်းကို  ယမန်နေ့ နံနက်က အဆိုပါ စက်ရုံအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်စိုးနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်နှင့် တာဝန်ရှိသူများ  ပူးပေါင်း၍  ဟွာမှုန်အထည်ချုပ်စက်ရုံအတွင်းရှိ  ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲ ဆောင်ရွတ်ခဲ့ရာ၊ မီးသတ်ဆေးဘူးထားရှိခြင်း၏ အကျိုးကျေးဇူးများ၊ လျှပ်စစ်မီး သည် သုံးတတ်လျှင် အကျိုးရှိ၍ အသုံးမပြုတတ်ပါက အန္တရာယ်ကြီးမားကြောင်း၊ လျှပ်စစ်မီးအသုံးပြုရာတွင် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးပြောကြားခဲ့ပြီး စက်ရုံအတွင်းရှိမီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးကြွင်းမီးကျန်မရှိစေရေးနှင့် မီးများစနစ်တ ကျသုံးစွဲရေးတို့အား ဟောပြောခဲ့သည်။ ထို့နောက် စက်ရုံအတွင်းရှိ ဝန်ထမ်းများနှင့် အထည်ချုပ်အလုပ်သမားများအား   မီးငြှိမ်း သတ်ခြင်းလုပ်ငန်းစဉ်များအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။        

မဇင်(ပြန်/ဆက်)