မင်းဘူး ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၏ အထင်ကရနေရာ များတွင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် လာမည့် ပွင့်လင်းရာသီတွင် ခရီးသွားလာ လည်ပတ်သူများ၊ အများအပြား ဝင်ရောက်ပြီး အဆင်ပြေချောမွေ့စွာ လေ့လာလည်ပတ် နိုင်မှာဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင်က ပြောသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းသို့ အောက်တိုဘာလနှင့် နိုဝင်ဘာလများ၏ ရုံးပိတ်ရက် ရှည် ကာလများတွင် ခရီးသွားလာမှုများ အများအပြားရှိကြသလိုလာမည့် ပွင့်လင်းရာသီ ကာလဖြစ်သော ဒီဇင်ဘာလမှ ဧပြီလများတွင်လည်း တန်ခိုးကြီးဘုရားများနှင့် အထင်ကရ နေရာများဖြစ်သော မန်းရွှေစက်တော်ဘုရား၊ ဆင်စခန်း၊ ရွှေသမင်နှင့် ကြယ် လိပ်ခြံများ၊ စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ ဓါတ်တော်ကုန်းဘုရား၊ ရှင်မင်းဘူးဘုရား၊ ထေရ်ကြီးစေတီနှင့် သမုဒ္ဒဂီရိမြစေတီမြတ်ကြီးတို့တွင် ခရီးသွားများ များပြားနိုင်ကြောင်း လည်းသိရသည်။
ထိုကဲ့သို့ ခရီးသွား ပြည်သူများကို မိမိတို့ဒေသရှိ အထင်ကရနေရာများ၊ တန်ခိုးကြီးဘုရားများ၊ သမိုင်းဝင်နေရာများ၊ တောတောင်ရေမြေနှင့် သဘာဝ အလှအပများကို ခရီးသွားပြည်သူများ သိရှိစေပြီး လာရောက် လေ့လာလည်ပတ်၍ သိမြင်ခံစားနိုင်စေရန် ခရီးသွား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြောပြ၍ သိရသည်။
ဇေယျာထက်(မင်းဘူး)