ရေနံချောင်းတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ

ရေနံချောင်း ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီက ရေနံချောင်း တက္ကသိုလ်၌ ကျင်းပသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးကြိုတင်ကာကွယ်ရေး အသိ ပညာပေး ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အသိပညာပေး ဟောပြောပွဲ အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ကို ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ လူကုန်ကူးခံရသူ များကို အကာကွယ်ပေးရေးအဖွဲ့၊ တရားဥပဒေဆိုင်ရာအဖွဲ့ စသည့် အဖွဲ့အစည်းများကို ဖွဲ့စည်းစေခဲ့ပြီး ပညာပေးခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ယနေ့ကမ္ဘာမှာ အရှေ့တောင်အာရှနိုင်ငံများဟာ လူကုန်ကူးမှုအဖြစ် ပွားဆုံးဆိုတာကို တွေ့ရမှာဖြစ်ပါကြောင်း၊ လူကုန်ကူးမှုရဲ့အန္တရာယ်က လူသားမျိုးနွယ်တွေ ပျက်စီးလာပြီး လူ့အရင်းအမြစ်များလည်း လျော့ပါးလာစေကြောင်း၊ မြန်မာနိုင်ငံဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အစိုးရအချင်းချင်း သဘောတူ ညီချက်အရ အခြေခံအလုပ် သမားအခွင့်အရေးများရရှိဖို့ လူကုန်ကူးခြင်း၊ လူမှောင်ခိုခြင်းနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်ခြင်းတွေကို တားဆီးကာကွယ်နိုင်ဖို့ ယာယီနိုင်ငံကူးလက်မှတ် တွေကို နယ်စပ်မြို့တွေမှာ ပြည်ပအလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးရုံးများ ဖွင့်လှစ်ထားပြီး ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေးလျက်ရှိပါကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့ အစည်းတွေ၊ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ပြီး လူလူချင်း ညှင်းပန်းနှိပ်စက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ လူကုန်ကူးမှုပြသနာကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တိုက်ဖျက်ချေမှုန်းကြပါစို့လို့ တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ရဲမှူးကျော်လင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ဒုရဲမှူး သန်းထွဋ်ဇော်က မူးယစ်ဆေးဝါးကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ လည်းကောင်း အသိပညာပေး ဟောပြောခြင်း၊ ပရိုဂျက်တာဖြင့်ပြသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ရေနံချောင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က လူငယ်တို့အနေနဲ့ လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ် နိုင်ရန်နှင့် မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးများကို သိရှိကာ အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုရတဲ့ နိုင်ငံသား ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပြီး ဟောပြောပေးသူများနှင့် တက်ရောက်ပေးသူများကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။

ယင်းနောက် ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်တို့က အသိ ပညာပေး ဟောပြောပေးသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အတွင်းရေး မှူးနှင့် တာဝန်ရှိသူများ၊ ချောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် သင်ကြား/စီမံဌာနမှ ပါမောက္ခ (ဌာနမှူး)များ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ