၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားပြုလုပ်

ကသာ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာပညာရေးဒီဂရီကောလိပ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထနှစ် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ပညာရေးဒီဂရီကောလိပ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကသာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းစိုးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က ဩဝါဒ အမှာစကားပြောကြားခဲ့သည်။ ထိုသို့ ပြောကြားရာတွင် ကသာပညာရေးဒီဂရီကောလိပ် သည် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းတွင် တတိယမြောက် ပညာရေးဒီဂရီကောလိပ်ဖြစ်ကြောင်း၊ ပညာသင်နှစ် (၄) နှစ် တက်ရောက်ပြီး ဘွဲ့အပ်နှင်းသွားမည်ဖြစ်သဖြင့် အခြေခံပညာရေးကဏ္ဍတွင် အရေးပါသော ဒီဂရီကောလိပ်ဖြစ် ကြောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ (GTC)ကျောင်း ဖွင့်လှစ်ရန် တည်ဆောက်ရေးလုပ်ငန်းများ မကြမီပြီးစီးမည် ဖြစ်ပြီး ကသာမြို့နယ်တွင် သူနာပြုသင်တန်း ကျောင်းဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း၊ ကသာခရိုင်သည် ခရိုင်အတွင်းရှိ မြို့နယ် များအတွက်သာမက ထိစပ်နေသည့် ခရိုင်/မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအတွက် ပညာရေးကဏ္ဍတွင် အားကိုးအားထား ပြုနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဘက်စုံထူးချွန်သော ဆရာ၊ ဆရာမများ ဖြစ်အောင် ကျင့်ကြံနေထိုင် ရန်နှင့် မိမိရောက်ရှိသည့် စာသင်ကျောင်းများနှင့် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးရန်၊ အချင်းချင်းရိုင်းပင်း ကူညီရန်၊ ကိုယ်ချင်းစာတရားများဖြင့် သဘာဝပတ်ဝန်းကျင်ကို အလှဆင်လိုတဲ့စိတ်များ မွေးမြူပြီး ဒေသခံ ပြည်သူများကို ကူညီဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ကသာပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင်များမှ “ယဉ်တကိုယ်မယ်” သီချင်းဖြင့် အလှမောင်နှင့် အလှမယ်ဆုတို့ကို ရွေးချယ်ခြင်းကိုလည်းကောင်း၊ ဂီတအနုပညာဌာနမှ (နည်းပြ) ဦးဝင်းနိုင်က “ပွဲကြိုက်ခင်”သီချင်းဖြင့် လည်းကောင်း၊ ပထမနှစ် (ဒုတိယနှစ်ဝက်) တန်းခွဲ-(၂) ကျောင်းသား၊ ကျောင်းသူများက “ရတနာပုံ” ယိမ်းအကဖြင့် လည်းကောင်း၊ ပညာရေးဒီဂရီကောလိပ် ပထမနှစ်(ပထမနှစ်ဝက်) ကျောင်းသား/ ကျောင်းသူ များက “လှမ်းခဲ့ပါမန္တလာမြေ” သီချင်းဖြင့် လည်းကောင်း၊ ပထမနှစ် (ဒုတိယနှစ်ဝက်) တန်းခွဲ(၁) ကျောင်းသား၊ ကျောင်းသူများက “ဗာရာဏသီ” သီချင်းဖြင့် လည်းကောင်း၊ ဒုတိယနှစ် (ပထမနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများက “ပြည်ထောင်စုအင်အား” တေးသီချင်းဖြင့် သီဆို ကပြဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည်။

အဆိုပါ ကသာပညာရေးဒီဂရီကောလိပ်၏ ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ ကြိုဆိုပွဲသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။

ကျော်စွာ(ကသာ)