မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့နယ်အတွင်း ကံကြီး-ရုံးကုန်း ဆောင်းနေကြာ စိုက်ခင်း ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေး ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် အတူ ခရိုင်၊မြို့နယ်ဌာန ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ရေနံချောင်းမြို့နယ်အတွင်း ကံကြီး-ရုံးကုန်း ဆောင်းနေကြာစိုက်ခင်း ကြည့်ရှုစစ်ဆေးကာ ဒေသခံ တောင်သူများနှင့် တွေ့ဆုံပြီး၊ ဖန်းခါးစမ်းပျိုး ဥယျာဉ် စံပြတမာစိုက်ခင်း၊ ချောင်းတိမ်ချောင်း ရေထွက်ပေါက်ပိတ်ဆို့ခြင်းနှင့် မကွေးမြို့နယ် ဒေါင်းနေ အမြဲတမ်းပျိုးဥယျာဉ် တမာပျိုးပင်များ ပျိုးထောင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေနံချောင်းမြို့နယ် ကံကြီး-ရုံးကုန်း ဆောင်းနေကြာစိုက်ခင်းသို့ ရောက်ရှိပြီး စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် ရေနံချောင်းမြို့နယ် စိုက်ပျိုးရေး ဆိုင်ရာ အချက်အလက်များနှင့် ဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာများနှင့် ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဉာဏ်ကျော်က ရှင်းလင်းတင်ပြ ခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကို အခြေခံ၍ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အတွင်းရှိ ပြည်သူ(၇၀)ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးလုပ်ကိုင်သော ကျေးလက်နေ ပြည်သူများဖြစ်တာကြောင့် တောင်သူများ လူနေမှုဘဝ မြင့်မားစေရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က အထူးအလေးထား ပံ့ပိုးကူညီဆောင် ရွက်ပေး လျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးက မိုးနည်းရပ်ဝန်း ဒေသဖြစ်ပြီး အပူပိုင်းဇုန်ကျ ရောက်တဲ့အတွက် သောက်သုံးရေ ဖူလုံရေးအပြင် စိုက်ပျိုးရေ ရရှိရေးကိုလည်း မဖြစ်မနေ ဆောင်ရွက်ပေး နေကြောင်း၊ နိုင်ငံတော်ရဲ့ ဆီအိုးကြီးလို့ခေါ်တဲ့ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးမှ ဆီထွက် သီးနှံများ ပိုမိုစိုက်ပျိုးနိုင်ပြီး တောင်သူတွေရဲ့ လူမှုစီးပွားဘဝတွေ တိုးတက်စေဖို့ကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေရရှိရေး ဆိုလာလျှပ်စစ်သုံး မြစ်ရေတင် စီမံကိန်းများနှင့် မြေအောက်ရေသုံး ဆိုလာစက်ရေတွင်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အကုန်ကျခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကံကြီး-ရုံးကုန်း ကျေးရွာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် ဖြင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းမှ ကျေးရွာတောင်သူတွေရဲ့ ချည်မျှင်ရှည်ဝါနဲ့ နေကြာ စိုက်ဧက ၂၀ အတွက် သီးနှံများဖြစ်ထွန်း အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ပြီး၊ တစ်နှစ်ကို သီးနှံတစ်သီးမက သီးနှံသုံးသီး စိုက်ပျိုးနိုင်မည်ဖြစ်တဲ့အတွက် တောင်သူများအနေနဲ့ ကြိုးစားစိုက်ပျိုး ကြစေလိုပါကြောင်းနှင့် သီးနှံများ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး သီးနှံစိုက်ပျိုးရေးဆိုင်ရာများအား နည်းပေးလမ်းပြ တောင်သူ အသိပညာပေး မှာကြားဆောင်ရွက်ခဲ့ သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ချောက်ခရိုင် ရေနံချောင်းမြို့နယ် စံပြတမာစိုက်ခင်း (၂၅)ဧကသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ရေနံချောင်းမြို့နယ်၊ မြို့ရှောင်လမ်း မိုင်တိုင်အမှတ် ၃၅၆/၆ အနီး နတ်ကန်ဦး ကြိုးပြင် ကာကွယ်တော အတွင်းရှိ စံပြတမာ စိုက်ခင်း(၁၀၀)ဧက စိုက်ခင်းတည်ထောင်ခြင်း စီမံကိန်း ရှင်းလင်းဆောင်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောပြုစု ထိန်းသိမ်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် ခြင်း လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ဒေသသစ်မျိုးဖြစ်တဲ့ တမာပင်များ တိုးမြှင့်စိုက်ပျိုးခြင်းလုပ်ငန်းကို ဆောင်ရွက် ခဲ့ခြင်းကြောင်း၊ တိုင်းဒေသကြီးမှာ တမာပင်များကို အရှိန်အဟုန်ဖြင့် စိုက်ပျိုးသွားမှာဖြစ်ပြီး တမာပင်များကို စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းဆောင်ရွက်မှုသည် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူတို့အတွက် အကျိုးပြုသည် သာမက ကမ္ဘာ့ရာသီ ဥတု ဖောက်ပြန်မှုများကို ကာကွယ်တာဆီးရာမှာ အထောက်အပံ့ဖြစ်စေမှာဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေနံချောင်းမြို့နယ်အတွင်းရှိ ချောင်းတိမ်ချောင်းသို့ ရောက်ရှိပြီး ရေနံချောင်းမြို့ ရပ်ကွက်များ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန်အတွက် ဆည်မြောင်းနှင့် ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကွင်းဆင်းလေ့လာတိုင်းတာမှု လုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးရာ ရေနံချောင်းမြို့နယ်အတွင်းရှိ ကိုးဆည်ရိုးနှင့် ဦးအောင်သောင်းရိုးချောင်းတို့သည် ဘေးမဲ့ရွာအတွင်း ချောင်းပေါင်းပြီး ရွာသစ်ရပ်ကွက်၊ အိုးဘိုရပ်ကွက်နှင့် မြို့မတောင်ရပ်ကွက်များသို့ ဖြတ်သန်းကာ မကွေး-မန္တလေးကားလမ်း၏ အောက်ဘက်အနီးတွင် ချောင်းတိမ်ချောင်းအဖြစ် ဖြစ်ပေါ်ကာ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သွားမှု အခြေအနေများ၊ ရေကြီးနစ်မြုပ်မှု ကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေ တို့အား တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေကြီး ဝန်ကြီးချုပ်က လိုက်လံကြည့်ရှု၍ ဆောင်ရွက် ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ လမ်းညွှန် မှာကြားဆောင်ရွက်ခဲ့သည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကွေးခရိုင်၊ မကွေးမြို့နယ် ဒေါင်းနေ အမြဲတမ်းပျိုး ဥယျာဉ်သို့ ရောက်ရှိပြီး ပျိုးပင်များ၏ ရှင်သန်အောင်မြင်နေမှု အခြေအနေနှင့် ပျိုးထောင်ပုံ အဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးဆောင်ရွက်ရာ အပူပိူင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဒေါင်းနေ အမြဲတမ်းပျိုးဥယျာဉ်တွင် ဌာနစိုက်ခင်းများ၊ အထူးစိမ်းစိုက်ခင်းများနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် တမာပျိုးပင် များအား ပျိုးထောင်ထားရှိမှု၊ ယူကလစ်နှင့် ဒေသသစ်မျိုးများ ဖြစ်သည့် ရှား၊ ရင်းမာ၊ မဲဇလီ၊ ဒဟတ်၊ ကုက္ကို၊ မြင်ဝါး၊ သစ်ပိတောက်၊ ကျွန်း၊ လျှော်ဖြူ၊ ဖျောက်ဆိတ်၊ တမာစသည့် သစ်မျိုး ၁၂ မျိုး၊ ပျိုးပင်ပေါင်း ၁၂၈၂၄၈ ပျိုးထောင်ထားမှုနှင့် သစ်မျိုးများအနေဖြင့် တိုင်းဒေသကြီး အစီအစဉ်ဖြင့် ပျိုးထောင်ထားသည့် တမာပျိုးပင် ပေါင်း ၄၆၂၅၀ ပင်နှင့် အထူးတမာ ၅၀၀၀ ပင်ပျိုးထောင်ထားရှိကာ ရှင်သန်အောင်မြင်နေမှုနှင့် ပျိုးထောင်ပုံ အဆင့်ဆင့်တို့အား မကွေးမြို့နယ် တာဝန်ခံဦးစီးအရာရှိမှ ရှင်းလင်းတပြခဲ့ပြီး ဒေါင်းနေ အမြဲတမ်းပျိုးဥယျာဉ် အတွင်း ပျိုးပင်များ ပျိုးထောင်ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည် များကို လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန အနေဖြင့် ရည်ရွယ်ချက် ၈ ရပ်၊ လုပ်ငန်းတာဝန်ကြီး ၄ ရပ်ဖြစ်သည့် သစ်တော စိုက်ခင်းများ ထူထောင်ခြင်း သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစားအခြား လောင်စာတိုး မြှင့်သုံးစွဲခြင်း၊ ရေရရှိရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ