အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

အိမ်မဲ ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀) နာရီတွင် အ.ထ.က-က(၁)ကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက  နွေစပါးစိုက်ဧကနှင့် နေကြာ စိုက်ဧကများ ပြည့်မီရေးအတွက် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြရန်၊ လယ်ယာမြေများတွင် သီနှံများ စိုက်ပျိုးရာ၌ ရိုးပြတ်မကျန်စေရေးအတွက် စိုက်ပျိုးကြရန်နှင့် ရိုးပြတ်များ ကျန်ပါက ပဲနှင့် ပိုက်ဆံလျှော်များ စိုက်ပျိုးကြရန်၊ ဌာနဆိုင်ရာအကြီးအကဲများ အနေဖြင့် မိမိတို့အဖွဲ့များနှင့် ကျေးရွာများတွင် စိုက်ဧကပြည့်မီစေ ရေးအတွက် တစ်ပတ်ကို (၄)ရက် ကွင်းဆင်းစည်းရုံးဆောင်ရွက်ကြရန်၊ လာမည့် စနေနေ့နံနက် (၅)နာရီတွင် ဒီဇင်ဘာ အားကစားလ လူထုလမ်းလျှောက်ပွဲကို ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ပါဝင်ဆင်နွှဲကြရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)က လုံခြုံရေးများကို အထူးဂရုစိုက်ကြရန်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးတင်မောင်ဦးက နေကြာနှင့် နွေစပါးစိုက်ပျိုး ခြင်းအကြောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော် အောင်က ရက်လွန် ဆေးဝါးများ၊ တားမြစ်ဆေးဝါးများအကြောင်းနှင့် ဆေးဝါးရောင်းချနေသည့် ဆိုင်များ လိုင်စင်ဆောင်ရွက်ကြရန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်က မြို့နယ်များတွင် သာမက ကျေးရွာများတွင် လည်း Clean City, Green City များဖြစ်အောင် ဆောင်ရွက်ကြရန်၊ မြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား မြို့နယ်ဦးစီး မှူးရုံးမှ ဦးစီးမှူး ဦးအောင်နိုင်ဦးက မြေပြင်စာရင်း ကောက်ယူရာ၌ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာမှ တာဝန်ရှိသူများက (၁၀)အိမ်စုအလိုက် စာရင်းများကို စီစဉ်ဆောင်ရွက်ထားကြရန်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းဆွေက မြို့နယ်အတွင်း နွေစပါး၊ ပဲတီစိမ်း၊ မတ်ပဲ၊ နေကြာတို့ကို စိုက်ဧက ပြည့်မီစွာ စိုက်ပျိုးကြရန်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မျိုးက ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆက်လက်ဆွေးနွေးခဲ့ကြသည်။

ချစ်သက်လယ်(အိမ်မဲ)