ပုသိမ် ဒီဇင်ဘာ ၁၀
(၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်၊ ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ် သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ "ကြိုဆိုလက်ကမ်းကံ့ကော်တန်း" သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က "မောင်တို့မယ်တို့အနေနဲ့ မိမိတို့ရွေးချယ်လိုက်သည့် ပညာရေးလမ်းကြောင်းပေါ်ကို စတင်ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ပညာရေးဒီဂရီ ကောလိပ်တွင် ၄ နှစ်တာ လေ့လာဆည်းပူး၍ ဘွဲ့များအသီးသီးရရှိပြီး အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပေးရမည့် ဆရာ၊ ဆရာမများ ဖြစ်လာမှာဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးဖြင့် ရင်းနှီးမြှုပ်နှံရမှာ ဖြစ်သလို ထိုသို့ဆောင်ရွက်ရာမှာ ဆရာ၊ ဆရာမများ၏ ကဏ္ဍသည် အဓိကဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်ပြောင်းလဲရန်အတွက် ဆရာ၊ ဆရာမများက စတင်ပြောင်းလဲရမှာ ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် သင်ကြားပေးမည့် ဆရာ ဖြစ်ရန်အတွက် ဦးစွာသင်ယူကြရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် မိမိ၏ တပည့်များအား မတတ်သည်များကို တတ်အောင်၊ မသိသည်များကို သိအောင်၊ နားမလည်သည်များကို နားလည်အောင်၊ မကျွမ်းကျင်သည်များကို ကျွမ်းကျင်အောင်၊ မလိမ္မာသည်များကို လိမ္မာအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမပေးရမှာ ဖြစ်ပါကြောင်း၊ စေတနာ၊ ဝါသနာ၊ အနစ်နာ စသည့် နာသုံးနာကို အရင်းခံပြီး စွမ်းဆောင်ရည်နှင့် အရည်အသွေး မြင့်မားရေးအတွက် အစဉ်လေ့လာ သင်ယူနေကြသည့် ထာဝရကျောင်းသားကြီးများအဖြစ် ခံယူ၍ လေ့လာဆည်းပူးကြရန်၊ တပည့်များ၏ အတုယူစရာ စံနမူနာပြများ ဖြစ်စေရေး ဆရာကျင့်ဝတ်နှင့်အညီ ပြုမူ နေထိုင်ကြရန်နှင့် နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် အားကိုးအားထားပြုနိုင်သည့် ဆရာ၊ ဆရာမများ ဖြစ်စေရေးကြိုးစားကြရန်” မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် တက်ရောက် နေသည့် ပထမနှစ် (ဒုတိယနှစ်ဝက်)ကျောင်းသူများ၏ “မမပုသိမ်သူ”သီချင်းဖြင့် ကြိုဆိုကပြ ဖျော်ဖြေမှုနှင့် ဒုတိယနှစ် ကျောင်းသား၊ကျောင်းသူများ၏ “ထာဝရသစ္စာ”သီချင်းဖြင့် ကြိုဆိုကပြ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)