ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ကလေး ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းအောင်က  အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူဝင်းက ကလေးသူငယ်များ၏ အသက်နှင့် စပ်လျဉ်းသည့် ပြဌာန်းချက်များ၊ ကလေးသူငယ်များအတွက် အန္တရာယ်ရှိသော အလုပ်အမျိုးအစားများ၊ ကမ္ဘာတစ်ဝှမ်းတွင် ကလေးငယ်များ လုပ်ဆောင်နေကြရသည့် လုပ်ငန်းအမျိုးအစားများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေမြတ်နိုးသူများဖြင့် စာဖတ်ဝိုင်း၊ အသိပညာပေး ဆွေးနွေးများနှင့် သင်တန်းများကို အပတ်စဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကလေး(ပြန်/ဆက်)