အထက်မင်းလှ ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မင်းလှမြို့နယ်တာဝန်ခံပညာရေးမှူး ဒေါ်ခင်သန်းဌေးက အမှာစကားပြောကြားပြီး၊ ဒု-ပညာ ရေးမှူးဦးပြည့်ဖြိုးအောင်က မြို့နယ်အတွင်း၌ ကျောင်းသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးကိစ္စရပ်များ၊ သင်ကြားမှု/သင်ယူမှုများ ထိရောက်အောင်မြင်ရေးကိစ္စရပ်များ၊ စာမေးပွဲကျင်းပပြုလုပ်ရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာ/ဆရာမများက ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများမှ ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများအား ကျင်းပပြုလုပ်နိုင်ရေးဆွေးနွေးခဲ့ရာ ဆွေးနွေးချက်များအပေါ် တာဝန်ခံမြို့နယ်ပညာရေးမှူးနှင့် ဒုတိယပညာရေးမှူးတို့က လိုအပ်သည်များအား ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ ကျောင်းအုပ်ကြီးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာ ထက်/လယ်/မူကျောင်းအုပ်ဆရာ/ဆရာမများ(၁၆၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)