မြောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး အစည်းအဝေး ကျင်းပ

မြောင် စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင် ကိုဗစ်-၁၉   ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွား မှုမရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်အတွက် လုပ်ငန်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ (၃) နာရီက အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထီးလှိုင်ရှင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအောင်က ပြည်သူများ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပြန်ပွားမှုမရှိစေရေးအတွက် ရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင် ရာများသာမက ရပ်မိရပ်ဖများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များပါ ဝိုင်း၀န်း ဆောင်ရွက်ကြရန်၊ Quarantine Center တွင်၀င်ရောက်နေသူများကျန်းမာရေး စံနှုန်းနှင့် အညီ နေထိုင်နိုင်ရေး ပြင်ဆင်ထားရှိပြီး လိုအပ်သည်များ ဝိုင်း၀န်းကူညီပေးကြရန်၊ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (swab) ဓါတ်ခွဲနမူနာရယူစစ်ဆေးမှုများ အတွက် ကျန်းမာရေး၀န်ထမ်းများ သွားလာမှုတွင် လိုအပ်သည်များကူညီဆောင်ရွက်ပေးကြရန်၊ ပြည်သူများအပြင်ထွက် သည့်အခါတိုင်း Mask ကိုစနစ်တကျမဖြစ်မနေတပ်ဆင်ကြရန်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ပညာပေးခြင်း၊ Mask များအခမဲ့ဖြန့်ဝေခြင်း၊ အရေးယူအပြစ်ပေးဆိုသည့် အချက်(၃)ချက်ဖြင့် ဆောင်ရွက်လျက်ရှိ‌ကြောင်း၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များ အတိုင်း ပြည်သူများလိုက် နာကျင့်သုံးနေထိုင်ကြရန်တို့အတွက် စည်းရုံး ဆောင်ရွက်ကြရန်၊ လိုအပ်သည်များ ရှိပါက တင်ပြဆွေးနွေးကြရန် စသည်ဖြင့်ပြောကြားခဲ့ရာ တက်ရောက်လာသူများကပြန်လည် ဆွေးနွေးကြ ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးသို့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စား လှယ်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ ရပ်ဖများ၊ ပရဟိတ လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ကြကြောင်းသိရသည်။

တင်ကိုကို (မြောင် ပြန်/ဆက်)