ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ဧက ၂၀၀၀၀ ကျော် လျာထားစိုက်ပျိုး ဆောင်ရွက်

ပွင့်ဖြူ ဒီဇင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ကုလားပဲသီးနှံ ဧက ၂၀၀၀၀ ကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲသီးနှံဧက ၂၁၈၄၃ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက နိုဝင်ဘာ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ကုလားပဲသီးနှံ ၂၈၆၂ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ကုလားပဲသီးနှံစိုက်ပျိုးမှုအနေနဲ့က တစ်မြို့နယ်လုံး စိုက်ဧက ၂၁၈၄၃ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိပါတယ်။ သတ်မှတ်လျာထားတဲ့စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူတွေကိုလည်း စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဆောင်းကုလားပဲသီးနှံစိုက်ပျိုးခြင်းကိုတော့ နိုဝင်ဘာလ ပထမပတ်လောက်ကစပြီး စိုက်ပျိုးခဲ့ရာ ယနေ့အထိ စိုက်ဧက ၂၈၆၂ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ ကျွန်မတို့ဒေသမှာ ကုလားပဲသီးနှံစိုက်ပျိုးရေးကို ဆောင်းသီးနှံအဖြစ် တောင်သူတွေက အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီးတော့ သီးနှံအထွက်ကောင်းမွန်တဲ့ ရေဆင်း(၆)နဲ့ ရေဆင်း(၁၂) ကုလားပဲ မျိုးများကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးကြပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ရှင်းပြခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေမှ စိုက်ပျိုးရေ ဖူလုံစွာရရှိသည့်အတွက် နှစ်စဉ် (နွေ ၊ မိုး ၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင်လည်း မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံဧက ၃၁၃၄၇ ဧက၊ ကုလားပဲသီးနှံ အပါအဝင် ပဲမျိုးစုံသီးနှံဧက ၃၉၇၁၂ ဧက၊ စားဖိုဆောင်သီးနှံ ၄၀၇၃ ဧက ၊ ဖူးစားပြောင်း ၁၇၈၅ ဧက ၊ ကျွဲနွားတိရစ္ဆာန်အစာပင် ၁၀၀၇၄ ဧကနှင့် အခြားစားပင်သီးနှံ ၃၂၀ ဧက၊ စုစုပေါင်း ဆောင်းသီးနှံဧက ၈၇၃၁၁ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။     လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)