ပဲခူးမြို့၌ သာသနလင်္ကာရအကျော် စာမေးပွဲဖြေဆိုတော်မူကြသည့် သံဃာတော်များနှင့် သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ပဲခူး ဒီဇင်ဘာ ၉

ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီးမှ ကြီးမှူးကျင်းပသည့် (၃၆) ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာမေးပွဲကြီးအား ကြီးကြပ်လျက်ရှိသည့် စာမေးပွဲကြီးကြပ် ဆရာတော်ကြီးများ၊ စာဖြေသံဃာများနှင့် သီလရှင်များအား ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများမှ နေ့ဆွမ်း၊ အအေးနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ သည် မွန်းလွဲပိုင်း၌ စာမေးပွဲဖြေဆိုတော်မူကြသည့် စာဖြေသံဃာတော်များ၊ သီလရှင်များအား သွားရောက်ကြည်ညိုခဲ့သည်။

အဆိုပါ (၃၆) ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာမေးပွဲကြီး၌ ပထမအဆင့်တွင် ဝိနယပိဋက၊ ခုဒ္ဒကနိကာယ၊ ဝိနည်း ငါးကျမ်းတို့အား လည်းကောင်း၊ ဒုတိယအဆင့်တွင် သုတ္တန္တပိဋက၊ အင်္ဂုတ္တရနိကာယ၊ အင်္ဂုတ္တိုရ်ဆယ့်တစ် ကျမ်းတို့အားလည်းကောင်း၊ တတိယ အဆင့်တွင် သုတ္တန္တပိဋက၊ ခုဒ္ဒကနိကာယ၊ ဓမ္မပဒ၊ ပါဠိ၊ အဌကထာ တို့အားလည်းကောင်းစသည့် ပြဌာန်းကျမ်းစာများအား ဖြေဆိုတော်မူကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်