သရက်ချောင်း ဒီဇင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ သရက်ချောင်းမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်း နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကားပြောကြားပြီး သရက်ချောင်းမြို့နယ်၊ လူမူဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှလှထွန်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၏ ဆောင်ရွက်ထားရှိမှုများ မေးမြန်းရာ ကော်မတီအဖွဲ့ဝင်များက ဆောင်ရွက်ထားရှိမှုများအား အပြန်အလှန်ရှင်းလင်းပြောကြားကာ အခမ်းအနားရုပ်သိမ်းခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓါတ်ပုံများအား တာဝန်ရှိ သူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)