ရေနံချောင်း ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁၁ နာရီက ရေနံချောင်းတက္ကသိုလ်၌ကျင်းပသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ လူကုန်ကူးခံရသူများကို အကာကွယ်ပေးရေးအဖွဲ့၊ တရားဥပဒေဆိုင်ရာအဖွဲ့ စသည့်အဖွဲ့အစည်းများကို ဖွဲ့စည်းစေခဲ့ပြီး ပညာပေးခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ယနေ့ကမ္ဘာမှာ အရှေ့တောင်အာရှနိုင်ငံများဟာ လူကုန်ကူးမှုအဖြစ်ပွားဆုံးဆိုတာကို တွေ့ရမှာဖြစ်ပါကြောင်း၊ လူကုန်ကူးမှုရဲ့အန္တရာယ်က လူသားမျိုးနွယ်တွေ ပျက်စီးလာပြီး လူ့အရင်းအမြစ်များလည်း လျော့ပါးလာစေကြောင်း၊ မြန်မာနိုင်ငံဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အစိုးရအချင်းချင်း သဘောတူညီချက်အရ အခြေခံအလုပ် သမားအခွင့်အရေးများရရှိဖို့ လူကုန်ကူးခြင်း၊ လူမှောင်ခိုခြင်းနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်ခြင်းတွေကို တားဆီးကာကွယ်နိုင်ဖို့ ယာယီနိုင်ငံကူးလက်မှတ်တွေကို နယ်စပ်မြို့တွေမှာ ပြည်ပအလုပ် လုပ်ကိုင်မှုကြီးကြပ်ရေးရုံးများ ဖွင့်လှစ်ထားပြီး ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးလျက်ရှိပါကြောင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ပြီး လူလူချင်း ညှဉ်းပန်းနှိပ်စက်တဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ လူကုန်ကူးမှုပြသနာကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တိုက်ဖျက်ချေမှုန်းကြပါစို့လို့ တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်က လူငယ်တွေအတွက် အရေးကြီးသော ခြိမ်းခြောက်မှုအန္တရာယ် တစ်ခုကတော့ မူးယစ်ဆေးဝါးဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကြွရူးသွပ်ဆေးဝါးဟာ ကမ္ဘာ့လူသားအားလုံးအတွက် လူညွန့်တုံးစေမည့် အန္တရာယ်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေနဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ပြီး မဟာဗျူဟာ၊ နည်းဗျူဟာများချမှတ်ကာ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ချက်ရှိပါကြောင်း၊ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းပပျောက်စေရေး ဆောင်ရွက်ရာမှာ ကုလသမဂ္ဂမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ အပါအဝင် နိုင်ငံတကာ အထောက်အပံ့နဲ့ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် မြေယာများဖော်ထုတ်ခြင်း၊ သီးနှံမျိုးစေ့၊ နှစ်ရှည်ပင်များဖြန့်ဖြူးပေးခြင်း၊ မူးယစ်ဆေးဝါး စိုက်ပျိုးနိုင်တဲ့ ဒေသများရဲ့ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားလူငယ်ထုအတွင်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများ အန္တရာယ်နဲ့ နောက်ဆက်တွဲရောဂါတွေရဲ့အန္တရာယ်ကို သိရှိရှောင်ကြဉ်နိုင်ရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ မိဘဆရာအသင်းနဲ့ ပြည်သူများလက်တွဲဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင် လူငယ်ထုပူးပေါင်းပါဝင်တဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှုပ်ရှားမှု တွေကို ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက နိုင်ဖို့လည်း အစီအစဉ်တွေချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးဟာ နည်းပညာနဲ့အတူ လူငယ်ထုအတွင်းသို့ လျင်မြန်စွာဝင်ရောက်လျက်ရှိပါကြောင်း၊ လူငယ်များအနေနဲ့ မူးယစ်ဆေးဝါးရဲ့အန္တရာယ်ကို သတိကြီးစွာထားပြီး ကာကွယ်ကြဖို့လိုကြောင်း၊ ကမ္ဘာ့နိုင်ငံများကိုကြည့်ရင် နိုင်ငံရဲ့ အနာဂတ်လူ့ဘောင်အဖွဲ့ အစည်းကြီး ဖွံ့ဖြိုးသာယာစေဖို့အတွက် Social Capital လို့ခေါ်တဲ့ လူမှုအရင်းအနှီးများ၊ Intellectual Capital လို့ခေါ်တဲ့ ဉာဏအရင်းအနှီးများ အပြိုင်အဆိုင်မြှုပ်နှံကြပြီး မျိုးဆက်သစ်လူငယ်များကို ပိုမိုပြုစုပျိုးထောင်လာကြတာကို တွေ့ရကြောင်း၊ တရားမဝင် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးတွေရဲ့အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ထိရောက်စွာနှိမ်နှင်းနိုင်ဖို့ အထူးလိုအပ်ပါကြောင်း၊ အရက်၊ ဘီယာနဲ့ ဆေးလိပ်တွေကို စွဲလမ်းတဲ့အန္တရာယ်က ကင်းဝေးစေဖို့နဲ့ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို သိရှိနားလည်စေဖို့ အသိပညာပေးဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆွေးဝါးရဲ့ နောက်ဆက်တွဲအန္တရာယ်တွေကို ကိုယ်တိုင်နားလည်သဘောပေါက်မှ ရှောင်လွှဲနိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ဖို့ အစိုးရအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူလူထုတစ်ရပ်လုံး ကလည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး တာဝန်သိသိ သစ္စာရှိရှိနဲ့ လူကုန်ကူးမှုပပျောက်ပြီး မူးယစ်ဆေးဝါးကင်းစင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် လူငယ်များ အနေနဲ့လည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ရဲမှူးကျော်လင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ဒုရဲမှူးသန်းထွဋ်ဇော်က မူးယစ်ဆေးဝါးကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍လည်းကောင်း အသိပညာပေးဟောပြော ခြင်း၊ ပရိုဂျက်တာဖြင့်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က လူငယ်တို့အနေနဲ့ လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးများကို သိရှိကာ အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုရတဲ့ နိုင်ငံသားကောင်းများ ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပြီး ဟောပြောပေးသူများနှင့် တက်ရောက်ပေးသူများကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။
ယင်းနောက် ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်တို့က အသိပညာပေးဟောပြောပေးသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ချောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေနံချောင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် သင်ကြား/စီမံဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)