လွိုင်ကော် ဒီဇင်ဘာ ၉
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်း၌ကျင်းပရာ ကယားပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ခေတ္တလူမှုရေးရာဝန်ကြီး ရဲမှူးကြီးမောင်မောင်ဦး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အမျိုးသမီးကော်မတီဝင်များ နှင့် အရပ်ဖက်အမျိုးသမီးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာကယားပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ခေတ္တလူမှုရေးရာဝန်ကြီး ရဲမှူးကြီးမောင်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကယားပြည်နယ်တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီများဖွဲ့စည်းထားပြီး အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေး၊ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာမြင့်မားလာစေရေးအတွက် အသိပညာပေးဟောပြောပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ၊ သက်မွေးအတတ်ပညာသင်တန်းများ၊ အိမ်တွင်းမှုသင်တန်းများနှင့် မူကြိုဆရာမသင်တန်းများ ဖွင့်လှစ်ပို့ချဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများကိုလည်း ငွေကြေးများထောက်ပံ့ပေးလျက်ရှိကြောင်း ကာကွယ်စောင့်ရှောက်မှုလိုအပ်သည့် အမျိုးသမီးများကို လွိုင်ကော်မြို့နယ်အတွင်းဖွင့်လှစ်ထားသည့် အမျိုးသမီးလုံခြုံအိမ်ထားရှိစောင့်ရှောက်ပေးပြီး ရေရှည်ရပ်တည်ပြီး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရင်းနှီးငွေထောက်ပံ့ခြင်းအပါအဝင် အခြားလိုအပ်သော အခက်အခဲများကို ပံ့ပိုးကူညီပေးလျက်ရှိကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်စေရေးအတွက် အားလုံးပူးပေါင်း ချိတ်ဆက်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ပြည်နယ်ခေတ္တလူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Video Clip ကို ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အချက်အပြုတ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ခေတ္တလူမှုရေးရာဝန်ကြီးက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ကိုဇင်(လွိုင်ကော်)