ပွင့်ဖြူ ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ပွင့်ဖြူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့က ပွင့်ဖြူမြို့နယ် စံပြကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းခွဲသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေး ဟောပြောပြီး ပွင့်ဖြူမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက ကလေးသူငယ်များ၏ အသက်အပိုင်းအခြားအလိုက်ရပိုင်ခွင့်နှင့် ဖွံ့ဖြိုးမှု ဆိုင်ရာ အခွင့်အရေးများ၊ အသက်ရှင်သန်မှုဆိုင်ရာ အခွင့်အရေးများ၊ ကလေးငယ်များနှင့် ပတ်သက်သည့် အခြေခံမူကြီး (၄)ရပ်၊ ကလေ းသူငယ်အခွင့်အရေးများနှင့် စပ်လျဉ်းပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက အသိပညာပေး ဆွေးနွေးဟောပြောမှု အပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ပွင့်ဖြူမြို့နယ် စံပြကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲမှဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )