သဲကုန်း ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက လာမည့်ရွေးကောက်ပွဲ တွင် အိမ်ခြေအိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) များကို မြေပြင်အခြေအနေအမှန်နှင့် တိုက်ဆိုင်စစ်ဆေးသွားရမည်ဖြစ်ကြောင်း၊ အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) ကို အခြေခံ၍ မဲစာရင်းမှန်ကန်စေရေး မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူခြင်း၊ မြေပြင်စာရင်း စစ်ဆေးကောက်ယူနိုင်ရေး Working Group များ ဖွဲ့စည်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခြင်း၊ ဒီဇင်ဘာလူထု အားကစားလလမ်းလျှောက်ပွဲတွင် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင် ဆောင်ရွက်ရေးနှင့် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားစည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေးနှင့် အားကစားပြိုင်ပွဲများကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး