ရွှေကျင် ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပွဲကုန်းရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန် လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းမင်းလတ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုအောင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ကျောင်းသား (၄) ဦးတို့က တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး လူငယ်စကားဝိုင်းအားစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုအောင်၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် ကျောင်းအုပ်ဆရာကြီး ဦးထွန်းမင်းလတ်တို့က ဆွေးနွေးကြရာ Grade (7) မှ ကျောင်းသားမောင်ချစ်ရင်ထူးက လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade (8) မှ ကျောင်းသားမောင်အေးညိမ်းမောင်က လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ Grade(8)မှ ကျောင်းသားမောင်ကောင်းခန့်အောင်က လူငယ်နှင့် အနာဂတ်၊ Grade(7)မှ ကျောင်းသားမောင်ရဲလင်းထွန်းက လူငယ်နှင့်အားကစား အစရှိသည့် ခေါင်းစဉ်အလိုက် အကြောင်းအရာများအား ဆွေးနွေးသွားခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများမှ မိမိတို့သိရှိလိုသည့် အကြောင်းအရာ များအား မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ (၈၀) ဦးတို့တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ် စာစောင်များအား ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်