နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဟောပြောဆွေးနွေး

လွိုင်ကော်   ဒီဇင်ဘာ   ၉

လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်း၊ နိုင်ငံရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းစစ်ကြောင်းကြီး (၅)ကြောင်းဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား တွေ့ဆုံဟောပြောဆွေးနွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက် မင်းကျောင်းဘုန်းတော်ကြီးဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇော်မိုးထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံတော်၏လက်ရှိအခြေအနေ ၊  ဒေသနေပြည်သူများ၏ ပညာရေး၊ ကျန်မာရေး၊ လူမှုရေးစသည့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရန် ကွင်းဆင်းလာရောက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူလူထုများမှလည်း မိမိတို့၏လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးပေးကြစေလိုကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ လိုအပ်ချက်အလိုက် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးကျော်က နိုင်ငံရေးဖြစ်စဉ်အဆင့်ဆင့် ပြောင်းလဲလာမှုအခြေအနေများကိုလည်းကောင်း၊  စစ်ကြောင်းကြီး(၅)ကြောင်းတွင်ပါဝင်သော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူတို့က မိမိတို့ဌာနအလိုက် ပြည်သူလူထုနှင့်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အကြောင်းအရာများအားလည်းကောင်း အသေးစိတ်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက်တက်ရောက်လာကြသည့် ပြည်သူများအား ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကလေးငယ်များအား ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးထိုးနှံပေးခြင်း၊ လွိုင်ကော်အခြေစိုက် အမှတ်(၇)တပ်မတော် စစ်ဆေးရုံမှအရာရှိနှင့် စစ်သည်များမှ ပြည်သူလူထုများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် သေဆုံးစာရင်းပယ်ဖျက်ပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကိုဇင်(လွိုင်ကော်)