ပုသိမ် ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ခွင့်ပြုချက်ရရှိသည့် လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၄/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးအား ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ဌာနများနှင့် လုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“တိုင်းဒေသကြီးအတွင်း လာရောက်ရင်း နှီးမြှုပ်နှံသည့် လုပ်ငန်းများတွင် အကောင်အထည်ဖော်မှု နှောင့်နှေးနေသော ကုမ္ပဏီများအနေဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုအချိန်တွင် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် သတ်မှတ်ကာလအတွင်း ပြီးစီးရန်လိုပါကြောင်း၊ မိမိတို့လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေး ပေးကြရန် ပြောကြားခဲ့သည်။ ၎င်းနောက် လုပ်ငန်းရှင်များမှ Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များအား ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး သက်ဆိုင်ဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၄/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးအား ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ကုမ္ပဏီ(၃)ခုမှ တည်ဆောက်ရေး လုပ်ငန်း တိုးမြှင့်ခွင့်နှင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့် တင်ပြထားရှိမှုတို့အပေါ်ကော်မတီမှ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)