မင်းဘူး ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ကြောင်း စက္ကိန်းတဲဘုရား ဘဏ္ဍာထိန်းဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းထံမှ သိရသည်။
ထိုကဲ့သို့ ဘုရားကြီးအား ပွဲတော်ကျင်းပရာတွင် ၁၉၇၁၊ ၁၉၇၂၊ ၁၉၇၃ ခုနှစ်များနှင့် ၂၀၁၆ ခုနှစ်များတွင် အားကစားပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သော်လည်း ယခုနောက်ပိုင်း ကာလများတွင် ပွဲတော်ကျင်းပနိုင်ခြင်း မရှိတော့ပေ။ သို့သော် ယခုလာမည့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက် နေ့အထိ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲများနှင့် ၂၁၊ ၂၂ ရက်နေ့များတွင် အငြိမ့်ပွဲ၊ ဇာတ်ပွဲများအပြင် အားကစားပွဲများပါ ထည့်သွင်းကျင်းပကာ နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မင်းဘူးခရီးစဉ် လမ်းညွှန်မှာကြားချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။
ဘုရားကြီးသည် မင်းဘူးခရိုင်အတွင်းမှ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား၊ ရွှေစက်တော် ပါဒစေတီတော်များနဲ့ စကုမြို့မှ ထေရ်ကြီးစေတီတော် မြတ်ကြီးများကဲ့သို့ သမိုင်းဝင် အထင်ရ စေတီတော်တစ်ဆူ ဖြစ်တာကြောင့် နိုင်ငံတော်အကြီးအကဲများနှင့် ဩဝါဒ ဆရာတော်ကြီးများ၏ လမ်းညွှန်ချက်များနှင့်အညီ ယခုလို စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပရခြင်း ဖြစ်ကြောင်း စက္ကိန်းတဲဘုရား ဘဏ္ဍာထိန်း ဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းက ပြောသည်။
ဇေယျာထက်(မင်းဘူး)