မင်းဘူး ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ ကျေးရွားပေါင်း (၃)ရွာမှ ဒေသခံတောင်သူများ အကျိုးဖြစ်ထွန်းမည့် ကုန်ထုတ်လမ်းတံတားတစ်စင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် နေ့မှစတင်ပြီး တည်ဆောက်ပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ထိုသို့တည်ဆောက်ရာတွင် စကုမြို့ ဂူကြီးတောရကျောင်းသွားရာလမ်းရှိ သားမွေးချောင်း (နွားကူးရိုး)ကိုဖြတ်၍ တံတားအရှည် ပေ ၄၀ ၊ အကျယ် ၁၄ ပေ ၊ အမြင့် ၁၀ ပေရှိ သံကူကွန်ကရစ် ကုန်ထုတ်လမ်း တံတားတစ်စင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေ ၈၈ ဒသမ ၈၀ ကျပ်သန်းဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် နေ့မှစတင်ပြီး Shwe Group ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျက်ရှိကြောင်း၊ ယခုအခါ ဘိုးပိုင်တူခြင်းလုပ်ငန်း၊ ပိုင်ကဒ်လုပ်ငန်းများနှင့် မြေကာနံရံများဆောက်လုပ်ပြီးစီး၍ လုပ်ငန်းအားလုံး (၄၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီ ဖြစ်ကာ ၂၀၂၃ ခုနှစ်၊ ဇနဝါရီလကုန်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုက ပြောသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းတံတား ဖောက်လုပ်ပြီးစီးသွားပါက စကု၊ ကျွဲတဲနှင့် ကန်သာကျေးရွာများမှ အိမ်ခြေပေါင်း (၆၇၀)အိမ်၊ လူဦးရေ (၂၄၃၅)ဦး၏ အကျိုးပြု စိုက်ဧကပေါင်း (၅၀၀)ကျော်မှ လယ်ယာထွက်ကုန်ပစ္စည်းများကို ဈေးကွက်သို့ လွယ်ကူချောမွေ့လျင်မြန်စွာ တင်ပို့ရောင်းချနိုင်မည့်အပြင် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍများသာမက ကျောင်းသား/ကျောင်းသူများ၏ ပညာရေးကိုပါ များစွာအထောက်အကူ ဖြစ်စေမှာဖြစ်ကြောင်း စကုမြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
မောင်မောင်(မင်းဘူး)