ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး ညှိနှိုင်း

ကန်ကြီးထောင့် ဒီဇင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က၊ ပွင့်လင်းရာသီ‌ရောက်ရှိ လာပြီဖြစ်‌သော ကြောင့်၊ မြို့သန့်ရှင်းသာယာလှပရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဌာနဆိုင်ရာရုံးများ သန့်ရှင်း သာယာလှပရေးလုပ်ငန်းများ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးဆိုင်ရာ ကိစ္စရပ်များ၊ ပလစ်စတစ်ကင်းစင်ရေး၊ ဒီဇင်ဘာ စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပနိုင်ရေး  စသည့်ကဏ္ဏများအား အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး  အဖွဲ့ဝင်(၂)  ဗိုလ်မှူးနိုင်လင်းအောင်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဧည့်စာရင်း စစ်ဆေးခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးမွေးမြူရေးကဏ္ဏများ  ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း လုပ်ငန်းများ မရှိစေရေး စသည်တို့အား ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက ဌာနအသီးသီး၏ လက်ရှိဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်ချက်များအား  အသေးစိတ်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မဇင် (ပြန်/ဆက်)