သရက်မြို့၌ အလုပ်သမားရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

သရက် ဒီဇင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အလုပ်ရုံအလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် လူမှုဖူလုံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အလုပ်သမားရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း အမှတ်(၃၁)အကြီးစားစက်ရုံ စုပေါင်းခန်းမတွင် ကျင်းပရာ ဝန်ထမ်းများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသင်ခိုင်က (၁၉၅၁)ခုနှစ် အလုပ်ရုံများအက်ဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်နီနီခိုင်က အလုပ်သမားလျော်ကြေးပြဿနာနှင့်ပတ်သက်၍ ဟောပြောခဲ့သည်။

ဆက်လက်၍ လူမှုဖူလုံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမော်က အလုပ်သမား အကျိုးခံစားခွင့် မဆုံးရှုံးစေရန် အချိန်မီမှတ်ပုံတင်တင်ရန်နှင့် အလုပ်တွင် ထိခိုက်မှုစာရင်းနှင့် ကျန်းမာရေးနှင့် လူမှုရေးအာမခံစနစ်မှာ နာမကျန်း၊ မီးဖွားခွင့်ထောက်ပံ့ပေးနိုင်မှုနှင့်ပတ်သက်၍ ခံစားခွင့်ရရှိမှုအခြေအနေများကိုဟောပြောပြီး တက်ရောက်လာသည့် ဝန်ထမ်းများ၏ မေးမြန်းမှုများအပေါ် သက်ဆိုင်ရာဌာနများအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)