ဘောဂလိမြို့တွင် ကွမ်းသီးအစိုရောင်းချသည့်လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ဘောဂလိ ဒီဇင်ဘာ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသနေပြည်သူအများစုသည် ဥယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့် အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးသည့် လုပ်ငန်းသည်လည်း တစ်ခုအပါဝအဝင်ဖြစ်ပြီး ယခုအချိန်တွင် ကွမ်းသီးအစိုများပေါ်ချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ဘောဂလိမြို့တွင် ကွမ်းသီးစိုက်ပျိုးသည့် ဒေသနေပြည်သူများအနေဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းအတွက် နှစ်ရှည်ပင်သီးနှံဖြစ်သော ကွမ်းသီးပင်များကို စိုက်ပျိုးသည့်အချိန်မှစကာ အပင်သက်တမ်း (၇) နှစ်ခန့်တွင် စတင်သီးကာ အသီးရင့်မှည့်သည့် နိုဝင်ဘာလမှ ဒီဇင်ဘာလတွင် ခူးယူရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ ကွမ်းသီးပင်တစ်ပင်လျှင် အရင့်မှည့်သီးများကို နှစ်ပြန်အထိ ခူးယူလေ့ရှိပြီး ကွမ်းသီးများကို အနီသီးနှင့် အဖြူသီးဟူ၍ နှစ်မျိုးရှိကြောင်း၊ ယခင်နှစ်တွင် ကွမ်းသီးအစိုအခွံခွာပြီး တစ်ပိဿာ (၂၅၀၀) ကျပ် မှ (၃၀၀၀) ကျပ်ရောင်းချခဲ့ပြီး ယခုနှစ်တွင် ကွမ်းသီးအစိုအခွံခွာပြီး တစ်ပိဿာ (၃၀၀၀) ကျပ်ရရှိသဖြင့် ကွမ်းသီးပေါ်ချိန်ရောက်ပြီဆိုလျှင် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေကြောင်း ကွမ်းသီးစိုက်ပျိုးရောင်းချသည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

မူးလားလာ (ပြန်/ဆက်)