သာယာဝတီမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကျင်းပ

သာယာဝတီ     ဒီဇင်ဘာ   ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးကိုယ်စားတာဝန်ခံဆရာမကြီး ဒေါ်စန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူး ဦးယုဝါအောင်က လူငယ်များဟာ နိုင်ငံရဲ့အနာဂတ်ဖြစ်သည့်အတွက် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ မျိုးဆက်သစ်လူငယ်တွေ၊ အမိနိုင်ငံတော်ကို ကမ္ဘာအလယ်မှာ ဝင့်ထည်စွာ ရပ်တည်နိုင်အောင် ကြိုးစားသွားရမှာဖြစ်သည့်အတွက် လူ့လောကတွင် စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ အရေးကြီးကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်းတစ်ဦးနှင့်တစ်ဦးရင်းနှီးခင်မင်ကာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ပြင်ပစာအုပ်စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။  

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ သာယာဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိအောင်နှင့်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း Grade-11 မှ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော စောအယ်စေးက လူငယ်နှင့်အားကစား၊ မောင်ဝေဖြိုးအောင်က လူငယ်နှင့်မူးယစ်ဆေး၊ မခင်ပွင့်ဖြူက လူငယ်နှင့်ကျင့်ဝတ်၊ မသင်းမြင့်မြတ်လှိုင်က လူငယ်နှင့်စာပေ၊ မဟန်နီမောင်ထွေးက လူငယ်နှင့်အချိန်စသည့်ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)