ရှမ်းရွာသစ် ဒီဇင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများအသိပညာဗဟုသုတရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့အမှတ်ရစေရန်နှင့် စာအုပ်စာပေများမှ ရရှိသောစာပေ၏ အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်(၉) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကျောင်းသား ကျောင်းသူများ လွတ်လပ်ရေးနေ့နှင့်ပတ်သက်၍ ဗဟုသုတရရှိစေရန် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကျိုးပမ်းမှုသမိုင်းကြောင်းများ၊ နယ်ချဲ့ဆန့်ကျင်ရေးသူရဲကောင်းများအကြောင်းများနှင့် လွတ်လပ်ရေးနေ့ဖြစ် ပေါ်လာပုံသမိုင်းကြောင်းများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ နယ်ချဲ့ဆန့်ကျင်ရေးသူရဲကောင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်အကြောင်းအရာများ ပါဝင်သောအသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခြင်းနှင့် စာပေ၏ အကျိုးကျေးဇူးအကြောင်းသိရှိစေရန် စာအုပ်စာစောင်ပြပွဲကို ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရာ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)