ဖောင်းပြင်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဖောင်းပြင်  ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ဖြင့်ဖွဲ့စည်းထားသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားသည်။ ၎င်းနောက် ကလေးသူငယ်အခွင့် အရေးဆိုင်ရာကော်မတီအတွင်းရေးမှူး ဒေါ်ဆွေမာလှိုင်က လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့်ယခင် ဆောင်ရွက်ခဲ့လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက ကလေးသူငယ်များ ရသင့်ရထိုက်သည့် အခွင့်အရေး(၄)ရပ်နှင့် ကလေးအလုပ်သမားများပပျောက်ရေး ရည်မှန်းချက်(၃) ရပ်တို့အားအပြန် အလှန်ဆွေးနွေးခဲ့ကြပြီး ကလေးသူငယ်အခွင့်အရေးများ အမှုလိုက်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ကလေးဘက်စုံဖွံ့ဖြိုး ရေးကျောင်း ဖွင့်လှစ်နေမှု အခြေအနေများနှင့်လည်းကောင်း၊ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ပေးနေမှု အခြေအနေများကိုလည်း ကောင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကိုထွန်း(ဖောင်းပြင်)