ကဝမြို့နယ်တွင် ရေဘေးသင့်ကျေးရွာများသို့ Mask၊ ဆပ်ပြာနှင့် ထောက်ပံ့ငွေများပေးအပ်

ကဝ စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ် ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ မိုးသက်လေပြင်းတိုက်ခတ်မှုနှင့် စစ်တောင်းမြစ် ဒီရေတက်ခြင်းကြောင့် ရေဘေးသင့်ခံခဲ့ရသည့် ကံတော်ကျေးရွာ အပါအဝင် ကျေးရွာ(၁၀)ရွာရှိ အိမ်ထောင်စု (၁၅၆၉) စု၊ လူဦးရေ (၇၁၉၄)ဦးတို့အတွက် Mask၊ ဆပ်ပြာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန့်နေ့ ညနေ (၃) နာရီ အချိန်က အုန်းနှဲကျေးရွာရှိ ကြယ်စင်ဟိန်း Tea Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် ရေဘေးသင့်ခဲ့သော အိမ်ထောင်စု(၁၅၆၉)စုအတွက် ဆပ်ပြာ(၁၅၆၉) တောင့်၊ လူဦးရေ (၇၁၉၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၅၁၀၇၄၀၀)ကျပ်နှင့် Mask (၁၄၃၈၈) ခုတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သင်းယုမော်က ပေးအပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်တို့က လက်ခံရယူပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရ သည်။
ချစ်နှင်းသုန်(ပြန်/ဆက်)