အုတ်တွင်း ဒီဇင်ဘာ ၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားသို့ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မေသက်သက်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)ဒေါ်ဇင်မာမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာရပ်မိရပ်ဖများတက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီကအဖွင့်အမှာစကားပြောကြားကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဇင်မာမြင့်က သင်တန်းမှပို့ချချက်များကို အခြေခံပြီး အသက်မွေးဝမ်းကျောင်းပညာရပ်အဖြစ် ဆက်လက်လုပ်ကိုင်သွားရန် မှာကြားသည်။
အဆိုပါသင်တန်းကို ကျေးလက်ဒေသတွင်ကျွမ်းကျင် လုပ်သားလိုအပ်ချက်အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းသား ၂၅ ဦးဖြင့် နိုဝင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ သင်တန်းကာလတစ်လအဖြစ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်ထောက်ကူပစ္စည်းများဖြစ်သော ကတ်ကြေး၊ ကိုက်တံ၊ ပေကြိုး၊ အပ်ချည်တို့ကို ထောက်ပံ့ပေးခြင်း၊ သင်တန်းသားဝတ်စုံများ ထောက်ပံ့ပေးခြင်း၊ ထူးချွန်သင်တန်းသူတစ်ဦးကို အပ်ချုပ်စက်တစ်လုံး ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အထည်ချုပ်စက်ရုံများတွင် သတ်မှတ်အရည်အချင်းနှင့် ဝင်ရောက်လုပ်ကိုင်နိုင်ရန် သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီးနောက် အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)