ကလေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ကလေး၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေရတုကျောင်းဆောင် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးမှ အဖွင့်မှာစကား ပြောကြားခဲ့ပြီး ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးတွာလ်ဆွင်းဗန်က လူငယ်များစဉ်းစားတွေးခေါ်မှုစွမ်းရည်မြင့်မားလာစေရန်၊ လူမှုပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေ သည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများဖြစ်ပေါ်လာစေရန်နှင့် အနာဂါတ် လူ့အဖွဲ့အစည်းအတွက် လူ့စွမ်းအားအရင်းမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းအောင်မှ ဦးဆောင်ဆွေးနွေးခဲ့ရာ Grade-11 မှ မခင်မေဇော်ထက်မှ လူငယ်နှင့်အင်တာနက်အသုံးပြုခြင်း၏ အားနည်းချက် ကိုလည်းကောင်း၊ Grade-11 မှ မမိုးပြည့်ဇင်မှ လူငယ်နှင့်အင်တာနက်အသုံးပြုခြင်း၏ အားသာချက်ကို လည်းကောင်း၊ Grade-10 မှ မဇူးဟေမန်မှ လူငယ်နှင့်ပညာရေး အားသာချက်ကိုလည်းကောင်း၊ Grade-10 မှ မနန်းသဇင်မှ လူငယ်နှင့် ပညာရေး အားနည်းချက်ကိုလည်းကောင်း၊ Grade-10 မှ မရတီမင်းမှ လူငယ်နှင့် Social Media ၏ အားသာချက်နှင့် Grade-10 မှ မောင်မျိုးမင်းမြတ်မှ လူငယ်နှင့် Social Media ၏ အားနည်းချက်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကို ကလေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူးမှ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အခမ်းအနားအပြီးတွင် ကျောင်းသား/ကျောင်းသူများမှ ခင်းကျင်း ပြသထားသည့် စာအုပ်စာစောင်များကိုကြည့်ရှု့လေ့လာခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကလေး(ပြန်/ဆက်)