ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကဝ စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နံနက်ပိုင်းက ငါးထပ်ကြီးဘုရား ရင်ပြင်တော်၌ ကျင်းပပြုလုပ် သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ဝိုင်းဝန်းကူညီ ထိန်းသိမ်းစောင့်ရှောက်ရန်၊ ကိုဗစ်-၁၉ ပိုးတွေ့ရှိသော သက္ကလမြို့မှာ ကဝမြို့နယ်နှင့် နီးစပ်သောကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အထူးဂရုပြု နေထိုင်သွားလာကြရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပဲခူးတိုင်းတွင် ကိုဗစ်-၁၉ ပိုးအများဆုံးတွေ့ရှိသည့် မြို့နယ်မှာ ကဝမြို့နယ်ဖြစ်နေသည့်အတွက် မလိုအပ်ပဲ ခရီးမသွားရန်၊ မဖြစ်မနေ ခရီးသွားလာရပါက သတ်မှတ်ထားသော ထောက်ခံချက်များ ပြုလုပ်၍ သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါ အဖြစ်များသည့် ဒေသမှ ပြန်လာသူများအား Quarantine Center တွင် နေထိုင်စေရန်နှင့် ရပ်ကွက်ကျေးရွာများတွင် နေထိုင် ခွင့်မပြုရန် ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးရာတွင် ကဝမြို့နယ်အတွင်း ဈေးသည်များ ဈေးလှည့်လည်ရောင်းချခြင်း မပြုရန်နှင့် မြို့အဝင်ဂိတ်တွင်သာ ရောင်းချကြရန်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ဒေသမှ ပြန်လာသူများသည် ခိုင်မာ သည့် အထောက်အထားများ ပြည့်စုံစွာယူလာကြရန်၊ အထောက်အထားမခိုင်လုံပါက Quarantine Center တွင် မိမိအစီအစဉ်ဖြင့် နေထိုင်ရန် စသည်တို့ကို အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များက ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)