လွိုင်ကော် ဒီဇင်ဘာ ၉
ကယားပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၈/၂၀၂၂)အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ၎င်းတို့ကိုအခြေခံသော ကုန်ထုတ်လုပ်မှုများ စဉ်ဆက်မပြတ်တိုးတက်စေရေး အထောက်အကူပြုစေရန်ရည်ရွယ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှထောက်ပံ့ငွေများကို စိုက်ပျိုး၊ မွေးမြူရေးအစုအဖွဲ့များထံသို့ ထပ်မံထုတ်ပေးမည်ဖြစ်ရာ တာဝန်ရှိသူများက စနစ်တကျစိစစ်ခြင်း၊ အတည်ပြုခြင်း၊ အချိန်မီထောက်ပံ့ခြင်းများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆောင်းသီးနှံ၊ နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများနှင့် တစ်အုပ်တစ်မမွေးမြူရေးလုပ်ငန်းများအတွက် အဓိကထား စီစဉ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကျေးရွာပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်လာစေရန် အရှိန်အဟုန်ဖြင့်ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာများက မိမိဌာနအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက တင်ပြဆွေးနွေးမှုအပေါ်ဖြည့်စွက် ဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)