ကန့်ဘလူမြို့တွင် မြို့နယ်ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေး

ကန့်ဘလူ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံ ပြည်သူတို့၏လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး အတွက် အမှတ်(၁)ရပ်ကွက် အနန္တဂုဏ်ရည်ကျောင်းတိုက် ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၈ ရက်နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဘုန်းထက်နိုင်မြင့်က ရပ်ရွာ အေးချမ်းသာယာရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ လမ်း၊ တံတား လိုအပ်ချက်များ ရှိပါက တင်ပြပေးကြရန် ရှင်းလင်းပြော ကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ သက်ဆိုင်ကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူပြည်သူများက လျှပ်စစ်မီးကြိုးများသွယ်တန်းပေးနိုင်ရေး၊ လမ်း၊ တံတားများကောင်းမွန်ရေး၊ ရေနှုတ်မြောင်းတူးဖော်ဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ရာတွင် လိုအပ်ချက်များနှင့်သိရှိလိုသည်များ မေးမြန်းဆွေးနွေး တင်ပြကြရာ သက်ဆိုက်ရာဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)