လေးမျက်နှာ ဒီဇင်ဘာ 9
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန သင်တန်းခန်းမတွင် ယမန်နေ့နံနက်ပိုင်း၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) ကော်မတီဝင်များအား စာရင်းဇယားများ ရေးသွင်းနည်းသင်တန်း ဖွင့်လှစ်ပို့ချခဲ့သည်။
ရှေးဦးစွာ လေးမျက်နှာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဦးစိုးကျော်သူက မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ဆောင်ရွက်မည့် ကျေးရွာများကို နိုင်ငံတော်မှ ဆီထွက်သီးနှံစိုက်တောင်သူ(၁၀၀)ဦးနှင့် အထက်ရှိသောကျေးရွာ တစ်ရွာလျှင် မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၃၀၀) ထုတ်ချေး ပေးမည်ဖြစ်ပြီး တောင်သူ ၅၀ဦးမှ ၁၀၀ဦးအကြားရှိကျေးရွာ တစ်ရွာလျှင်ကျပ်သိန်း(၂၀၀)၊ တောင်သူ ၅၀ဦးအထိရှိသော ကျေးရွာတစ်ရွာလျှင်ကျပ်သိန်း(၁၀၀) ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း ပြောကြားပြီး အဆိုပါမတည်ငွေများအား မပျောက်ပျက် အောင် ထိန်းသိမ်းစောက်ရှောက်ရန် အမှာစကားပြောကြား၍ စီမံကိန်းဆောင်ရွက်မည့် ကြီးပေါက် ကုန်းကျေးရွာအုပ်စု ငြိမ်းအေးကျေးရွာမှ ကော်မတီဝင်များအား မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် စာရင်းဇယားရေးသွင်းနည်း များကို ဆက်လက်သင်ကြား ပို့ချခဲ့သည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေကျပ်သိန်း(၂၀၀) အား ကော်မတီဝင်များလက်ဝယ်သို့ လွဲပြောင်းပေးအပ်ခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ကို ယခုဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး လေးမျက်နှာမြို့နယ်၌ စီမံကိန်းကျေးရွာ (၉)ရွာထိရှိပြီး ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုတစ်ပိုင် တစ်နိုင် စိုက်ပျိူးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် လိုအပ်သည့်ငွေအရင်း အနှီးများရရှိ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ကျော်ဟိန်း(ပြန်/ဆက်)