ကသာမြို့ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ စွန်ပစ်အမှိုက်များအကြောင်း သိကောင်း စရာအသိပညာပေး ဟောပြော

ကသာ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ စွန့်ပစ်အမှိုက်များအကြောင်းနှင့် လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး လုပ်ငန်းများ ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်း အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးဟိန်းကိုဦးက ပလပ်စတစ်အမှိုက်၏ ဆိုးကျိုးများ၊ နေအိမ်များမှ မီးဖိုချောင်သုံး စွန်ပစ်အမှိုက်များ၊ မြို့နေလူထုပတ်ဝန်းကျင်မှ စွန့်ပစ်အမှိုက်နှင့် ပတ်သက်သည့် အကြောင်းအရာများ ကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက လူငယ်ရေးရာနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက် ရေးဆိုင်ရာ အသိပညာပေးခြင်းတို့ကို လည်းကောင်း၊ ဒုလက်ထောက်ဦးစီးမှူးက လေထု ညစ်ညမ်းမှုဆိုင်ရာအကြောင်း သိကောင်းစရာတို့ကို အသိပညာပေး ဟောပြောခဲ့ကြသည်။

ထိုသို့ အသိပညာပေးဟောပြောကြရာတွင် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူ များအား လက်တွေ့သရုပ်ပြသခြင်းနှင့် ကျောင်းသား/ ကျောင်းသူလေးများက သိရှိလို သည်များကို ပြန်လည်မေးမြန်းကြရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်ကျင်း ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေး ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(ကသာ)