ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၇၇ ဦး  မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှ တစ်ဆင့်ဆက်လက်ဝင်ရောက်

မြဝတီ ဒီဇင်ဘာ  ၈

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ  ဒီဇင်ဘာလ ၇ ရက်နေ့တွင် ၂၀၄ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုအား ပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင် ရွက်ပေးသည်။

ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ်အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးခြင်းဖြစ်သည်။

 အခြား တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ နေရပ်ပြန်များအား ကိုဗစ်ရောဂါပိုးရှိမရှိ ပထမအကြိမ်စစ်ဆေးကာ မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်နှင့် မဲကနယ် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာရက်ကန့်သတ်ထားရှိကာ ကိုဗစ်ရောဂါပိုးရှိမရှိ ဒုတိယအကြိမ် စစ်ဆေးပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးခြင်း ဖြစ်သည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့်တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးမှ အမျိုးသား ၁၁၉ ဦး၊ အမျိုးသမီး ၅၈ ဦး စုစုပေါင်း ၁၇၇ ဦးရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)