ဘားအံ ဒီဇင်ဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန် မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library)မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ Mobile Library မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာအုပ်စာပေဖတ်ရှုမှုဝါသနာပါသူ ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းသား/သူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများအား အားလပ်ချိန်များတွင် မိမိကြိုက်နှစ်သက်သည့် စာအုပ် စာပေများကို လေ့လာဖတ်ရှုနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဘားအံမြို့ရှိ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းနှင့် ပြည်နယ် သမဝါယမဦးစီးဌာနများသို့ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် ကွင်းဆင်း၍ သုတ၊ ရသ စာအုပ် စာစောင်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်ရွေ့လျားစာကြည့်တိုက်(Mobile Library) မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် E-Library Management System Software အသုံးပြု၍ Digital စနစ်ဖြင့် တနင်္လာနေ့မှ သောကြာနေ့အထိ ငှားရမ်းပေးလျက်ရှိပြီး စာဖတ်ပရိသတ်တစ်ဦးလျှင် (၂)အုပ်နှုန်းဖြင့် (၂)ပတ်အထိ ငှားရမ်းဖတ်ရှုပြီး (၂)ပတ်ပြည့်ပါက စာအုပ်အသစ်ဖြင့် လဲလှယ်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)