ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဘားအံ ဒီဇင်ဘာ ၈

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်တရားလွှတ်တော်ရုံးသစ် ဆောက် လုပ်မည့်မြေ နေရာနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၁ )ရပ်ကွက်၊ အကွက်အမှတ်(၁၅)သရက်တောတောင်အကွက်၊ ဦးပိုင် အမှတ် ၁/ခ၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့၊ ယခင်စာပုံနှိပ်တိုက်ဟောင်းနေရာ၌ တရားစီရင်ရေးစနစ် မှန်ကန်မြန်ဆန်ပြီး ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်နိုင်ရေး၊ အဂတိလိုက်စားမှုကင်းရှင်းရေးနှင့် တရားလွှတ်တော်အင်္ဂါရပ်များနှင့်အညီ ခန့်ညား ထည်ဝါသည့် ပြည်နယ်တရားလွှတ်တော်ရုံးသစ် တည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေးရာ အဆိုပါ ပုံနှိပ်တိုက်ဟောင်း အဆောက်အဦနေရာတွင် တစ်ပတ်တစ်ကြိမ်ထုတ်ဝေသော တိုင်းရင်းသားဘာသာသတင်းစာ လုပ်ငန်းရုံးမှ ဘာသာပြန်အယ်ဒီ တာချုပ်၊ စာတည်းမှူးများနှင့် ဘာသာပြန်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့သည် ပြည်နယ်တရား လွှတ်တော်ရုံးသစ်တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးရာ ဘားအံခရိုင်အုပ်ချုပ် ရေးမှူးဦးအောင်လွင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီး ဌာနပြည်နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများက အဆိုပါမြေနေရာနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊အမှတ်(၂)ရပ်ကွက်၊ ဆင်း ဧကရီ လမ်းသွယ် မြေနိမ့်ပိုင်းတွင် ရေစီးရေလာကောင်းမွန်ရေး၊ ရေထုတ်မြောင်းများစနစ်တကျ ထည့်သွင်းဆောင်ရွက်ပေးနိုင်ရေး၊ သီရိမဇ္ဇျူလမ်းအား ယခင်ကတ္တရာလမ်းမှ ကွန်ကရစ်ထပ်ပိုးလွှာ ခင်းနိုင်ရေး ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန် မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်း ညဈေးတန်းနေရာအနီး သံလွင်မြစ်အတွင်း၌ ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ် ကရင်နှစ် သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ကျင်းပနိုင်ရေး ကြည့်ရှုစစ်ဆေးရာ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်က ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ထိ ၂၀ တက်လှော် နဂါးလှေလှော်ပြိုင်ပွဲ၊ ၇ တက်လှော်နှင့် ၅ တက်လှော် ရိုးရာလှေလှော်ပြိုင်ပွဲများ ထည့်သွင်းကျင်းပ နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားပြီး ပြိုင်ပွဲတွင်အသုံးပြုမည့် နဂါးလှေများနှင့် ရိုးရာလှေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)